Back

ဗေဒါ

ဗေဒါ
Cast:စစ်နိုင် , ရွှေပိုးအိမ် , ရွှေကိန္နရီ , သွန်းဆုနဒီ
ပင်လယ်ကမ်းစပ်ရှိ တံငါ ရွာလေးတစ်ရွာတွင် တံငါသည်များဖြစ်သည့် လူသစ်နှင့် သူ၏ အမေ၊ မောင်ပိန် မဝတုတ်မိသားစု၊ ဖိုးသီးနှင့် မကျည်းတန်တို့ မိသားစု၊ ဘဂျမ်းနှင့် စိတ်မနှံ့သည့်ညီမလေး ဗေဒါတို့ မိသားစု၊ ဘကြီးမှုံနှင့်မြေးမလေး နိုးနိုးတို့အပါအဝင် မိသားစုပေါင်းများစွာတို့သည် တံငါသည်လုပ်ငန်းနှင့် အသက်မွေးကြပြီး ဆင်းရဲသော်လည်း ပျော်ရွှင်စွာနေထိုင်ကြလေသည်။ တံငါသည်လုပ်သော မိသားစုများမှာ ဆင်းရဲကြသော်လည်း ငါးဒိုင်ဖြစ်သော ဦးရွှေမောင်၊ ဒေါ်မုန်းခတ်တို့ မိသားစုမှာ ချမ်းသာကြွယ်ဝကြသည်။ သူတို့တွင် ယောက်ျားစိတ်ပေါက်နေသော သမီးငယ် ဆုလာဒ်နှင့် သမီးကြီး ဆုနှင်းတို့ရှိသည်။ ဆုလာဒ်က ငါးဒိုင်လုပ်ငန်းကို ဆက်ခံသော်လည်း ဆုနှင်းမှာမူ ဆရာမ အလုပ်သာ လုပ်သည်။ ဦးရွှေမောင်တွင် ဂဏန်းဟု ခေါ်သည့် သစ္စာရှိတပည့်နှင့် တခြားတပည့်များလည်းရှိပြီး ထိုတပည့်များက ရွာမှ တံငါသည် များကို ဖိနှိပ်တတ်ကြသည်။ တံငါသည် မိသားစုများထဲမှ မောင်ပိန်သည် ဆင်းရဲသဖြင့် မိန်းမဖြစ်သူရဲ့ ငြူစူခြင်းကို အမြဲခံရသဖြင့် ကြံမိကြံရာ ကြံသည့် အနေဖြင့် ဦးရွှေမောင်ရဲ့ ငါးဒိုင်မှ ငါးများကို ခိုးယူမိသည်။ ဦးရွှေမောင်က ငါးသူခိုးကို ဖိုးသီးဟု စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်လိုက်သည်။ မဟုတ်မခံစိတ်ရှိတဲ့ လူသစ်မှာ တရားခံက ဖိုးသီးမဟုတ်ကြောင်းနှင့် တရားခံအစစ်ကို သူရှာပေးပါ့မယ်ဟု ပြောလိုက်သည်။ လူသစ်က တရားခံက မောင်ပိန်ဖြစ်ကြောင်း သိလိုက်ရချိန်တွင် မောင်ပိန်က အလွန်ဆင်းရဲလွန်းသဖြင့် ခိုးရတယ်ဆိုတာ သိလိုက်ရသဖြင့် စိတ်မကောင်းဖြစ်ပြီး မောာင်ပိန်ကို ဦးရွှေမောင် လက်သို့ မအပ်တော့ပေ။ သို့သော် ဦးရွှေမောင်တို့ စုံစမ်းတော့မှာ သူခိုးက မောင်ပိန်မှန်း သိသွားချိန်တွင် မောင်ပိန်ကို တစ်ရွာလုံးရှေ့တွင် ရိုက်နှက်တော့သည်။ လူသစ်က ထိုသို့မလုပ်သင့်ကြောင်း ဝင်ပြောချိန် ဦးရွှေမောင်က လူသစ်ကိုပါ ထိုးကြိတ်ဖို့လုပ်ချိန်တွင် စိတ်မနှံ့သည့် ဗေဒါကို ထိခိုက်မိသွားသည်။ ဗေဒါဆေးကုလိုက်ရပြီး ထိုကိစ္စက တခြားရွာများကိုပါ ပြန့်သွားသည်။ ဦးရွှေမောင်က အမှုပတ်မည် စိုးသဖြင့် ဗေဒါ့ကို ဆေးဖိုးလာပေးချိန် ဗေဒါ့ကို စိတ်ဝင်စားသွားပြီး လက်တည့်စမ်းဖို့ လုပ်နေသည်ကို အစ်ကိုဖြစ်သူ ဘဂျမ်းပြန်ရောက်လာသဖြင့် တွေ့သောအခါ သူ့ညီမကို မထိဖို့ပြောသဖြင့် ဦးရွှေမောင်က ရှောင်ထွက်သွားသည်။နောက်ရက်အနည်းငယ်အကြာတွင် ဗေဒါ့တွင် ကိုယ်ဝန်ရှိလာသဖြင့် တစ်ရွာလုံးက ဦးရွှေမောင်ကို တရားခံလို့သာ တစ်ထစ်ချ ထင်သွားကြလေတော့သည်။ ဦးရွှေမောင်က သူမဟုတ်ကြောင်း ပြောသလို လူသစ်ကလည်း တရားခံကို ကူစုံစမ်းပေးဖို့လုပ်နေသည်။ ထိုအချိန်မှာပင် ဗေဒါတစ်ယောက် အသတ်ခံလိုက်ရသဖြင့် လူတွေက ဦးရွှေမောင်ကို ပို၍ ထင်ကြလေတော့သည်။ ဦးရွှေမောင်သာမပါ ဦးရွှေမောင်ရဲ့ မိသားစုဝင်များကပါ တရားခံမျက်လုံးများဖြင့် ကြည့်ခံရတော့သည်။ ပိုဆိုးသည်က ဗေဒါက မကျွတ်လွတ်ဘဲ တစ်ရွာလုံးကို ခြောက်လှန့်တာကြောင့် ရွာသားတွေက အလွန်ကြောက်လန့်ကြသည်။ သမီးကြီးဖြစ်သူ ဆုနှင်းက ထိုကိစ္စအတွက် အလွန်ရှက်ကာ ကိုယ့်ကိုယ်ကို သတ်သေဖို့ လုပ်နေချိန် လူသစ်က တွေ့၍ ကယ်တင်လိုက်ပြီးနောက် လူသစ်နှင့်ဆုနှင်းတို့ ချစ်ကြိုက်သွားကြသည်။ ထိုအချိန်တွင် ဦးရွှေမောင်ရဲ့ သစ္စာရှိတပည့် ဂဏန်းက ဦးရွှေမောင်ရဲ့ ငွေတွေကို အလွဲသုံးစားလုပ်သဖြင့် အလုပ်ထုတ်ခံလိုက်ရကာ ဂဏန်းက စိတ်ဆိုးသွား၍ ‌ဗေဒါ့အစ်ကို ဘဂျမ်းဆီကို သွား၍ ဗေဒါ့ကို အဓ္ဓမကျင့်၍ သတ်သည့် တရားခံက ဦးရွှေမောင်ဖြစ်ကြောင်း ပြောလိုက်သဖြင့် ဘဂျမ်းက ချက်ချင်း ဓားဆွဲကာ ဦးရွှေမောင်ကို ထိုးသတ်ဖို့လုပ်သည်။ လူသစ်နှင့်ရွာသားများက ဝင်ဆွဲကြချိန် ဘကြီးမှုံကို ထိုးမိသွားသည်။ ဘကြီးမှုံက အသက်ထွက်ခါနီးတွင် ဗေဒါ့ကို အဓ္ဓမကျင့်ခဲ့သူက သူဖြစ်ကြောင်း၊ သို့သော် ဗေဒါ့ကို မသတ်ခဲ့ကြောင်း ပြောကာ သေဆုံးသွားသည်။ ဦးရွှေမောင်လည်း သေဆုံးသွားသည်။ ဘဂျမ်းထောင်ကျသွားသည်။ သေဆုံးသူအားလုံးကို မေတ္တာပို့အမျှဝေရာ မဗေဒါလည်း ကျွတ်လွတ်သွားသည်။ ကိစ္စအားလုံး ပြီးဆုံးသွားသည်ဟု သတ်မှတ်လိုက်၍ လူသစ်နှင့်ဆုနှင်းတို့က လက်ထပ်လိုက်သည်။ ထို့နောက် ဗေဒါက ဆုနှင်းထံတွင် ဝင်စားချင်ကြောင်း အိပ်မက်ပေးရာ ဆုနှင်းက လက်ခံလိုက်သည်။ ဆုနှင်းတွင် ကိုယ်ဝန်ရှိလာ၍ နောက် သမီးလေးမွေးသည်။ သမီးလေးက မဗေဒါ ဝင်စားသည်ဟု အားလုံးက ယုံကြည်ကြသည်။ မဗေဒါဟုပင် နာမည်ပေးလိုက်သည်။ မဗေဒါလေးသည် အလွန်ချစ်ဖို့ကောင်း၍ လူတွေကို ခင်တတ်သော်လည်း မောင်ပိန်ကို မြင်လျှင် အော်ငိုတတ်သည်။မောင်ပိန်ကို မြင်တာနှင့် မဗေဒါလေးက အမြဲငိုတတ်တာကြောင့် လူသစ်မှာ သံသယဝင်လာသည်။ တစ်ရွာလုံးလည်း သံသယဝင်လာသည်။မောင်ပိန်က မနေနိုင်တော့ဘဲ လူသစ်အလစ်တွင် မဗေဒါလေးကို သတ်ဖို့ကြိုးစားသည်။ လူသစ်က အချိန်မီရောက်လာ၍ မောင်ပိန်ကို ဖမ်းဆီးကာ မေးမြန်းတော့မှ မဗေဒါကို သတ်တာ မောင်ပိန်ဖြစ်ကြောင်း၊ မဗေဒါက ကိုယ်ဝန်ကြီးနဲ့ဆိုလျှင် ဦးလေးက လူမိုက်၊ အမေက စိတ်မနှံ့၊ အဓ္ဓမအကျင့်ခံရပြီး မွေးလာရတဲ့ ကလေးဆိုတဲ့အဖြစ်ကို မရောက်စေချင်တာကြောင့်ရော မဗေဒါသေလျှင် တရားခံကို ဦးရွှေမောင်လို့သာ ပိုထင်အောင်လုပ်ခဲ့တာဖြစ်ကြောင်း၊ တစ်ချိန်က ငါးခိုးမိတဲ့ အပြစ်လေးကို တစ်ရွာလုံးရှေ့မှာ ရိုက်နှက်အပြစ်ပေးခဲ့တဲ့ ဦးရွှေမောင်ကို မကျေနပ်သဖြင့် လုပ်ခဲ့တာဖြစ်ကြောင်း ပြော၍ အဖမ်းခံလိုက်သည်။ တရားခံများအားလုံး ပေါ်သွားပြီးနောက် ဦးရွှေမောင်မှာ လွန်စွာသံဝေဂနောင်တရကာ တရားအားထုတ်သွားတော့သည်။